Sunday, January 20, 2013

M&E သမားများအတွက်ပါ။

M & E မှာ ACMV ဟာလည်း တော်တော်လေးအရေးပါအရာရောက်ပါတယ်။ စင်ကာပူလို ပူအိုက်စွတ်စိုတဲ့ဒေသမှာ Air Con ဟာမရှိမဖြစ်အသုံးပြုရပါတယ်။
စင်ကာပူမှာ Air con နဲ့ လွတ်ကင်းတဲ့နေရာဆိုလို့ ရှားပါတယ်။ သစ်ပင်တောင် Air-con နဲ့စိုက်တဲ့တိုင်းပြည်လေ။ ( Botanic Garden မှာရှိပါတယ်)။
စင်ကာပူကို ACMV ပိုင်းဆိုင်ရာအဓိကနဲ့ အလုပ်လာရှာချင်သူတွေရော၊ Mechanical ကျောင်းသားတွေရောလေ့လာလို့ရအောင် ACMV Web Site လေးညွှန်းလိုပါတယ်။
ကိုကောင်းထက်ညွန့် ရေးသားထားတဲ့ ACMV ပိုင်းဆိုင်ရာ အသိပညာတွေကို အတော်လေးစုံစုံလင်လင်ကို ရေးသားထားတာပါ။
ကျွန်တော်လဲ ဒီနေ့မှ ACMV သတင်းအချက်အလက်ရှာရင်းတွေ့တာပါ။ အားလုံးလေ့လာလို့ရအောင် ပြန် Share ပါတယ်။
ကိုချောလွင်ရဲ့ဘလောဂ့် (http://chawlwin.blogspot.sg/) ပြီးရင် နောက်ထပ်လေ့လာစရာတခုပါ။ ကိုချောလွင်ကတော့ M & E ကို Generally ရေးထားပြီး....
ကိုကောင်းထက်ညွန့် ကတော့ ACMV တစ်မျိုးကိုပဲ Specialize လုပ်ပြီးရေးထားတာပါ....မြန်မာလူငယ်၊လူကြီး အင်ဂျင်နီယာတွေ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။
http://www.acmv.org/ ကတော့ ကိုကောင်းထက်ညွန့်ရဲ့ Website ပါ။ သွားပြီးလေ့လာဖို့ တိုက်တွန်းပါတယ်။

Friday, January 11, 2013

ကံ့ကူလက်လှည့်

(ကျွန်တော်အင်မတန်ကြိုက်တဲ့ဆရာအောင်သင်းရဲ့ဝတ္တု ကိုပြန်တင်လိုက်ပါတယ်။)


ကျွန်တော်က တက္ကသိုလ်တွင် ဆရာတစ်ယောက်အဖြစ် အမှုထမ်းခဲ့ဖူးပါသည်။ စာသင်ကြားပို့ချမှုတွင်လည်း အပြောအဟော အသင်အကြား ကောင်းသည်ဟု အတန်အသင့် နာမည်ရခဲ့ပါသည်။ တက္ကသိုလ်မရောက်သေးမီကလည်း တောင်တွင်းကြီးမြို့ "မိုးထိအလယ်တန်းကျောင်း" တွင် အလယ်တန်းနည်းပြဆရာအဖြစ် နှစ်နှစ်၊သုံးနှစ်ခန့် အမှုထမ်းခဲ့ဖူးပါသေးသည်။ ထိုစဉ်ကလည်း သင်ကြားမှုနှင့်ပတ်သတ်၍ အတန်အသင့် နာမည်ရခဲ့သည်ပင် ဖြစ်ပါသည်။ကြွားဝါနေခြင်းဟု မထင်ပါနှင့်။ ကျွန်တော့အဖို့ ဘာမှပင်ပင်ပန်းပန်း ကြိုးစားမနေဘဲ ထိုသို့အဆင့်လောက်ထိအောင် ရောက်နိုင်ခဲ့သည်မှာ အမှန်ဖြစ်ပါသည်။ ထို့ကြောင့် တော်ရုံတန်ရုံ စာသင်ကောင်းသည်ဆိုသော ဆရာမျိုးကိုလည်း "သြော်... စာသင်ကောင်းတယ်ဆိုပဲ" ဟု အောက်မေ့လိုက်ရုံမျှသာ ရှိပါသည်။စာသင်ကြားမှုနှင့် ပတ်သက်၍ ကျွန်တော် ကြောက်ဒူးတုန်ပြီး လန့်သွားလောက်အောင် ကြုံရသည်မှာ ၁၉၆၃-၁၉၆၄ တစ်ဝိုက်လောက်ဆီက ဖြစ်ပါသည်။သည်တော့ ကျွန်တော်က တက္ကသိုလ်တွင် ဆရာဖြစ်နေလေပြီ။ တက္ကသိုလ်ကျောင်းပိတ်လျှင် ကျွန်တော့ဇာတိ တောင်တွင်းကြီးမြို့သို့ ပြန်သွားလေ့ရှိပါသည်။ တောင်တွင်းကြီးမြို့ ပြန်ရောက်သွားလိုက်လျှင်လည်း ကျွန်တော်အများဆုံး အချိန်ဖြုန်းသောနေရာမှာ ရွှေအင်းတောင်ဘုရားကြီး ရင်ပြင်တော်ပေါ်ရှိ "အမျိုးသားပြတိုက်"တွင် ဖြစ်ပါသည်။ ထိုပြတိုက်ကို စတင်တည်ထောင်ခဲ့သူများတွင် ကျွန်တော်လည်း အမှုဆောင်တစ်ယောက်အဖြစ် တက်ကြွစွာလုပ်ဆောင်ခဲ့သူ ဖြစ်သောကြောင့် ရန်ကုန်တက္ကသိုလ်သို့ ရောက်နေလင့်ကစား ကျွန်တော့ကို အဝေးရောက်အမှုဆောင်အဖြစ် ထည့်သွင်းထားကြပါသည်။ ကျွန်တော်ကလည်း ရန်ကုန်တွင် လုပ်ဆောင်ဖွယ်ရှိသည်တို့ကို လုပ်ဆောင်ပေးရပါသည်။ကျွန်တော်တို့ အမှုဆောင်အဖွဲ့မှ တက်ကြွစွာလှုပ်ရှားသူများတွင် မိုးထိကျောင်းက မူလတန်းပြဆရာ 'ဦးဥာဏ်စိန်' တစ်ယောက်လည်း ပါဝင်ပါသည်။ မိုးထိကျောင်းနှင့် ရွှေအင်းတောင်ဘုရားမှာ ကပ်လျက်ရှိနေသည်ဖြစ်သောကြောင့် ပြတိုက်ဘက်သို့သွားလျှင် ဆရာကိုဥာဏ်စိန်ဆီသို့ ၀င်သွားလေ့ရှိပါသည်။ကိုဥာဏ်စိန်က မူလကတော့ အနုပညာနည်းပြ (ပန်းချီနည်းပြ)ဆရာ ဖြစ်ပါသည်။ ထိုစဉ်က ဘာကြောင့်ရယ်မသိ ပန်းချီနည်းပြဆရာများကိုလည်း စာသင်ဆရာလုပ်လိုက်သောကြောင့် သူက မူလတန်းဆရာအဖြစ် 'သူငယ်တန်း'ကို သင်ကြားနေရပါသည်။ကျွန်တော်က သူနှင့်ထွေရာလေးပါး စကားပြောချင်သောကြောင့် သူ့အခန်းဆီလိုက်သွားပါသည်။ သူသင်ကြားနေသည်ကို အမှတ်မထင် တစေ့တစောင်း လှမ်းကြည့်နေမိသည်။ ဘာစာမှသင်သည်လည်း မဟုတ်ပါ။ သင်ပုန်းပေါ်တွင် အရုပ်တစ်ရုပ် ရေးနေပါသည်။ ကျွန်တော်မှတ်မိသလောက် အရုပ်က မတ်တပ်ရပ်နေသော လိပ်ရုပ်။ ထိုစဉ်က ကာတွန်းစာအုပ်များတွင် တွေ့ရသော 'ဖိုးရွှေလိပ်'မှန်း ကျွန်တော်သိလိုက်ပါသည်။ကျွန်တော်သာ သိသည်မဟုတ်ပါ။ သူ့တပည့် ကလေးတွေကလည်း သိကြပါသည်။ "ဟေး...ဖိုးရွှေလိပ်ကွ" စသည်ဖြင့် အော်ကြပါသည်။ သူက ထိုအရုပ်၏လက်ထဲသို့ တုတ်ကောက်တစ်ခု တပ်ပေးလိုက်ပြန်သည်။ ကလေးတွေက "တုတ်ကောက်နဲ့ကွ"ဟု အော်လိုက်ပြန်ပါသည်။ ပါးစပ်တွင် ဆေးတံတပ်ပေးလိုက်ပြန်သည်။ ကလေးတွေက "ဆေးတံနဲ့ဟေ့" စသည်ဖြင့် အော်လိုက်ကြပြန်ပါသည်။ထိုအရုပ်ရေးပြီးမှ ကိုဥာဏ်စိန်က အတန်းထဲရှိ ကလေးများဘက်လှည့်ပြီး "တစ်နေ့မှာ ဖိုးရွှေလိပ်ဟာ မနက်စောစော လမ်းလျှောက်ထွက်လာတယ်။ အဲဒီလိုနဲ့ လမ်းမှာဘယ်သူနဲ့တွေ့သလဲ ဆိုတော့..." ဟုပြောလိုက်ပြီးနောက် သင်ပုန်းတစ်ဖက်စွန်းတွင် အရုပ်တစ်ရုပ်ကို ရေးနေပြန်ပါသည်။ ကလေးတွေကလည်း ဘယ်သူနဲ့များတွေ့မည်လဲ စောင့်ကြည့်နေကြပြန်ပါသည်။ စင်စစ် ကလေးတွေသာမဟုတ်ပါ။ ကျွန်တော်လည်း စောင့်ကြည့်နေမိပါသည်။ သူဆွဲနေသောပုံမှာ တစ်စတစ်စ ပုံပေါ်လာပါသည်။ ကလေးတွေက "ယုန်ကလေး"ဟု တစ်ပျော်တစ်ပါးကြီး အော်လိုက်ကြပြန်ပါသည်။ ယုန်ကိုလည်း ဟိုဟာတပ် သည်ဟာဆင်လိုက်ရာ မျက်မှန်နဲ့ အထုပ်အပိုးနဲ့ ဖြစ်သွားပြန်ပါသည်။ သူက တစ်ခုခုတပ်ဆင်ပေးလိုက်တိုင်း ကလေးတွေကလည်း တသောသောနှင့် သဘောကျနေပါသည်။ သူကဆက်၍-"အဲဒီလို ဘဘကြီးဦးရွှေယုန်နဲ့ တွေ့လိုက်တော့ ဖိုးရွှေလိပ်က ဘယ်လိုလဲ ဘဘကြီးရဲ့ ဘယ်ကြွမလို့လဲ လို့မေးလိုက်တယ်။"ရှေ့လျှောက်ပြီး သူဆက်ပြောနေသည်တွေကိုတော့ ကျွန်တော်လည်း မမှတ်မိတော့ပါ။ အမှန်အတိုင်းပြောရလျှင် ဘာရယ်မဟုတ် သူ့ပါးစပ်ထဲ ရောက်လာသမျှ သူစိတ်ကူးပေါက်သမျှတွေကို ပုံလိုလိုဘာလိုလို လုပ်ပြီးပြောနေခြင်း ဖြစ်ပါသည်။ဆရာကိုဥာဏ်စိန် ကျွန်တော့ကိုမြင်လိုက်တော့ သူ့ဘာသာသူ သဘောကျစွာရယ်လိုက်ပြီး "လာလေဗျာ၊ ခင်ဗျားရော နားထောင်သွားပါဦးလား" တဲ့။"တော်ပါပြီဗျာ၊ ကျောင်းဆင်းရင်သာ ဘုရားပေါ်လာခဲ့ပါ" ဟု ရယ်မောပြောဆိုပြီး ထွက်လာခဲ့ပါသည်။နောက်တစ်နေ့ သူ့စာသင်ခန်းထိ ရောက်သွားပြန်တော့သည်။ ထိုနည်းတူ အရုပ်တွေရေးပြီး ပေါက်တက်ကရ ပုံပြင်လိုလို ဘာလိုလိုတွေ ပြောနေတာကိုပဲ တွေ့ရပြန်ပါသည်။ သုံး,လေးရက်လောက်ရှိတော့ ကျွန်တော်က မနေနိုင်တော့ဘဲ ..."ခင်ဗျားက ဘာစာမှသင်တာလည်း မတွေ့ရပါလားဗျ" ဟု ရယ်မောကာ မေးလိုက်တော့..."စာသင်တာ အရေးကြီးတာမှတ်လို့ဗျာ၊ ဘယ်အချိန်သင်သင် ရတဲ့ကိစ္စ" ဟု ရယ်ပြီးပြောပါသည်။ ပြီးမှ "တကယ်ပြောတာဗျ... စာသင်တာ ဘယ်အချိန်သင်သင် ဖြစ်တယ်။ ဒီအချိန်မှာ ကလေးတွေ ပျော်နေဖို့လိုတယ်။ ကျောင်းကို ကြောက်စရာကြီးလို့ အောက်မေ့မသွားဖို့ အရေးကြီးတယ်ဗျ။ ကျောင်းနေပျော်အောင် လုပ်နေရတာဗျ"ကျွန်တော့စိတ်ထဲတွင် "အင်း.. သူပြောတာလည်း ဟုတ်သားပဲ" ဟု တွေးလိုက်မိသည်။နောက်တစ်နေ့ရောက်သွားတော့ သူလုပ်ပုံကိုင်ပုံကို ကြည့်ချင်သည်နှင့် ကျောင်းခန်းအပြင်ဘက် ပြူတင်းပေါက်နား ထိုင်ခုံလေးတစ်လုံးကိုချပြီး ကြည့်နေမိပါသည်။ ကျွန်တော်အလန့်ဆုံးကိစ္စကို ထိုနေ့တွင် တွေ့ရပါတော့သည်။ရှေ့ဆုံးတန်းက ကလေးတစ်ယောက်မှာ တအီအီနှင့် ငိုနေပါသည်။ သူဆွဲနေသော အရုပ်တွေကိုလည်းမကြည့်၊ စာသင်ခန်းအပြင်ဘက်သို့သာ တကြည့်ကြည့်လုပ်ပြီး တအီအီငိုနေပါသည်။ ကလေးကြည့်ရာဆီ လှမ်းကြည့်လိုက်တော့ မန်ကျည်းပင်ရိပ်တွင် ထိုင်နေသော မိန်းမကြီးတစ်ယောက်ကို တွေ့ရပါသည်။ ကိုဥာဏ်စိန်ကလည်း ထိုကလေးကို ရှိသည်ပင် မအောက်မေ့၊ သူ့ဘာသာ အရုပ်တွေကိုရေးလိုက် ပုံပြောလိုက် လုပ်နေပါသည်။ကျွန်တော်ကတော့ ထိုကလေးကိစ္စကို ကိုဥာဏ်စိန် ဘာလုပ်မလဲ ဆိုသည်ကို စောင့်ကြည့်နေမိပါသည်။ အတော်လေးကြာတော့ ကိုဥာဏ်စိန်က ပြူတင်းပေါက်မှ အပြင်သို့လှမ်းကြည့်လိုက်ပြီး ..."ဒေါ်အေးသာ စိတ်ချလက်ချ ပြန်စမ်းပါ။ ခင်ဗျားမရှိရင် ခင်ဗျားမြေးကို ကျုပ်ထိန်းနိုင်ပါတယ်။ ခင်ဗျားရှိနေလို့ကတော့ ဒီကောင်တစ်သက်လုံး အငိုတိတ်တော့မှာ မဟုတ်ဘူး"ထိုသို့ပြောလိုက်ကာမှ ဟိုအကောင်ကလေးကလည်း အသံမြှင့်ပြီး စီကနဲငိုလိုက်ပြန်ပါတော့သည်။ အဘွားဖြစ်သူ အဒေါ်ကြီးကလည်း သူ့မြေးကို သံယောဇဉ်မဖြတ်နိုင်ပဲ ပေကပ်ကပ်လုပ်နေပါသည်။"ခက်တယ်ဗျာ ... ကလေးတွေကို ထိန်းရတာ ကျုပ်မကြောက်ပါဘူး။ အဲဒီလို အဘွားကြီးတွေကို ထိန်းရတာ အခက်ဆုံးပဲ" ဟု ညည်းသလိုလိုနှင့် ကျွန်တော့ကို လှမ်းပြောပါသည်။"ကဲ မပြန်ချင်လည်း နေဗျာ။ ဒါပေမယ့် ကလေးမမြင်လောက်တဲ့နေရာ ဟိုဘက်ထောင့်ကွယ်မှာဖြစ်ဖြစ် သွားနေစမ်းပါ"ကိုဥာဏ်စိန် အထပ်ထပ်ပြောမှ အဘွားကြီးလည်း မသွားချင်သွားချင် ထောင့်ကွယ်ကလေးသို့ ထွက်သွားပါသည်။ သူ့အဘွားကို မမြင်လိုက်ရတော့ ဟိုချာတိတ်ကလည်း ငိုလိုက်သည်မှာ တစ်တန်းလုံး သူ့ကို ၀ိုင်းကြည့်နေကြရအောင်ပင် ဖြစ်သည်။ကိုဥာဏ်စိန်ကတော့ သူ့အရုပ်တွေကို ဆက်ပြီးရေးပြန်သည်။ ကလေးတွေကလည်း ခွေးရုပ်ကလေးကွ၊ ကြောင်ရုပ်ကလေးကွ စသည်ဖြင့် အော်လိုက်ကြပြန်သည်။ ဟိုချာတိတ်ကတော့ သူများတွေက စီကနဲအော်လိုက်လျှင် ကယောင်ကတမ်း ခဏလောက် အငိုရပ်လိုက်ပြီး အရုပ်ကိုလှမ်းပြီး ကြည့်လိုက်သည်။ ပြီးတော့ အပြင်ကိုလှမ်းကြည့် အဘွားကိုရှာပြီးနောက် တအီအီ ငိုပြန်ပါတော့သည်။ကျွန်တော်ကတော့ ထိုကလေးနှင့် ကိုဥာဏ်စိန်ကို ကြည့်ပြီး စိတ်အိုက်လှပါပြီ။ ငါဆိုရင် ဘာလုပ်မလဲ တွေးလိုက်ပြန်တော့လည်း ဘာမှမလုပ်တက်ပါ။ ရိုက်နှက်ပစ်လိုက်ရအောင်ကလည်း တကယ့်လူမမည်ကလေးကို ဒီလိုလုပ်လို့ ဖြစ်နိုင်ပါ့မလား။ကိုဥာဏ်စိန်ကတော့ ခပ်အေးအေးပါပဲ။ အရုပ်တွေရေးလိုက်၊ ပုံပြင်တွေလိုလို ပြောလိုက်၊ ဟိုချာတိတ်ကလည်း ငိုမြဲပါပဲ။အတော်လေးကြာလာတော့ ကိုဥာဏ်စိန်လည်း စိတ်ကုန်လာပုံမျိုးနှင့် ထိုကလေးကို စိုက်ကြည့်နေပါသည်။ သို့သော်လည်း သူ့မျက်နှာက ပြုံးစိစိပါပဲ။ ဟိုကောင်က သူ့ကို ဆရာစိုက်ကြည့်နေမှန်းသိတော့ ခဏမျှ ဆရာကိုပြန်ကြည့်ပြီး အငိုတိတ်သွားပါသည်။ ပြီးတော့ စီကနဲ ခပ်ကျယ်ကျယ်ကြီး ငိုလိုက်ပြန်ပါသည်။ကိုဥာဏ်စိန်က အတန်းဘက်လှည့်ပြီး ကလေးများအား ..."ဟေ့ကောင်တွေ မင်းတို့တွေ့တယ် မဟုတ်လား။ ဒီကောင် ကျောင်းရောက်ပြီဆိုကတည်းက ငိုတာ ခုထက်ထိ မတိတ်ဘူးကွ။ ဒီကောင့်မှာ 'အငို'တွေ အများကြီးပါလာတယ်။ သူတစ်ယောက်တည်း ငိုနေလို့ကတော့ ကုန်မှာမဟုတ်ဘူး။ မင်းတို့ပါဝိုင်းပြီး ငိုပေးလိုက်ကြစမ်းကွာ။ ဒါမှ သူ့အငိုတွေ မြန်မြန်ကုန်မှာ"ကျန်တဲ့ကောင်တွေကလည်း သဘောပေါက်မြန်လိုက်တာ မပြောပါနှင့်တော့။ တစ်တန်းလုံး မျက်စိကို လက်ဖမိုးနှင့်ပွတ်ပြီး တအီးအီး ငိုချင်ယောင်ဆောင်လိုက်ကြသည်မှာ ကျွက်ကျွက်ညံသွားပါတော့သည်။ ကျွန်တော်လည်း အသံထွက်အောင် ရယ်နေမိပါသည်။ ဟိုချာတိတ်က သူ့ဘေးက ကလေးတွေကို ကြည့်ပြီး ကြောင်တောင်တောင်နှင့် အငိုတိတ်သွားတော့ ပို၍ပင် ရယ်မိပါသည်။ ကိုဥာဏ်စိန်က ..."ဟိုး... တော်ပြီ။ အငိုတွေ ကုန်သွားပြီ" ဟု လက်တားပြီး အော်လိုက်တော့ ကလေးတွေက တ၀ါးဝါးရယ်မောပြီး အငိုရပ်သွားကြပါသည်။ဟိုအကောင်လည်း ကယောင်ကတမ်း အငိုရပ်ပြီး ကျီးကြည့်ကြောင်ကြည့် ဖြစ်နေပါသည်။ကိုဥာဏ်စိန်ကတော့ သူ့ကို လှည့်လို့မျှပင် မကြည့်တော့ပဲ သူ့ဘာသာ အရုပ်တွေရေးလိုက် ပုံပြင်ကိုပြောလိုက် လုပ်နေပြန်ပါသည်။ ဟိုငနဲလေးကလည်း သူပြောနေသည့် ပုံပြင်ကို နားထောင်သလိုလို လုပ်လိုက်၊ အရုပ်တွေကို ကြည့်လိုက် လုပ်နေပါသည်။ ခဏကြာတော့ ဘယ်လိုလုပ်ပြီး သတိရလိုက်ပြန်သည်မသိ အီကနဲ ငိုလိုက်ပြန်ပါသည်။ ကိုဥာဏ်စိန်က..."ဟ.. အငိုတွေ မကုန်သေးဘူးကွ၊ ကျန်သေးတယ်"ကိုဥာဏ်စိန် စကားဆုံးအောင် မပြောလိုက်ရပါ။ တစ်တန်းလုံး တပျော်တပါးကြီး ၀ိုင်းဝန်းပြီး ငိုချင်ယောင် ဆောင်လိုက်ကြပြန်ပါသည်။ သူတို့တစ်တွေက သည်လိုငိုလိုက်ရခြင်းပင် အရသာတွေ့နေကြပုံ ပေါ်နေပါသည်။ ကျွန်တော်ကတော့ သူတို့ကိုကြည့်ပြီး ရယ်လို့သာ နေရပါတော့သည်။ဟိုငနဲလေးလည်း မငိုဝံ့တော့လောက်အောင်ပင် ဖြစ်သွားပါသည်။ ကိုဥာဏ်စိန်စကားနှင့် ဆိုလျှင်တော့ 'အငို'တွေ ကုန်သွားပြီပေါ့။ကျွန်တော်သည် အထက်တွင် ပြောပြခဲ့သည့်အတိုင်း တက္ကသိုလ်က ဆရာတစ်ယောက် ဖြစ်ပါသည်။ သို့သော် ထိုကလေးငယ်၏ ပြဿနာကို ကြည့်ပြီး ခေါင်းခြောက်လိုက်သည်မှာ မပြောတက်အောင်ပင် ဖြစ်ခဲ့ပါသည်။ "ဒီကလေးကို အငိုတိတ်အောင် လုပ်ပါ။ မလုပ်နိုင်ရင် မင်းကိုသတ်မယ်" ဟု ဆိုလာလျှင် ကျွန်တော်သေဖို့သာလျှင် ရှိပါသည်။ ဘာမျှတက်နိုင်မည် မဟုတ်ပါ။ကျောင်းဆင်းလို့ ကျွန်တော်နှင့် ကိုဥာဏ်စိန် ဘုရားဘက်သို့ ထွက်လာကြတော့ ..."ကိုဥာဏ်စိန် ခင်ဗျားတော်တယ်ဗျ။ ဟိုကောင် အငိုတိတ်သွားအောင် လုပ်နိုင်တာ သိပ်သဘောကျတာပဲ။ ကျုပ်ဆိုရင် ဘာလုပ်ရမှန်း မသိတာနဲ့ ဒုက္ခအကြီးအကျယ် ရောက်နေမှာ""ဒီလိုပဲလေဗျာ.. သင့်သလို ကြည့်တွယ်လိုက်ရတာပဲ"သူကတော့ သည်လိုပဲ ခပ်ပေါ့ပေါ့ ပြောပါသည်။ တကယ်ဆိုတော့ ကျွန်တော့အဖို့ ခပ်ပေါ့ပေါ့ကိစ္စ လုံးဝမဟုတ်ပါ။ ကြောက်စရာ ဧရာမကိစ္စကြီးဖြစ်နေတာ အမှန်ပါ။ကျွန်တော့အဖို့ သူငယ်တန်း သင်ကြားမှုကို စိတ်ဝင်စားနေပါပြီ။နောက်တစ်နေ့ ကျွန်တော်ရောက်သွားတော့ ဟိုချာတိတ်ကို သတိထားပြီး ကြည့်လိုက်မိပါသည်။ ငိုတော့ ငိုထားဟန်တူပါသည်။ သူ့အဘွားကိုတော့ မတွေ့ပါ။ ကွယ်ရာထောင့်တစ်နေရာတွင် တစိုးရိမ်ရိမ် စောင့်နေလိမ့်ဦးမည် ထင်ပါသည်။ကိုဥာဏ်စိန်၏ သင်ခန်းစာကတော့ တစ်ဆင့်တက်သွားပါပြီ။ သူ့အမူအရာက မြူးမြူးရွှင်ရွှင်၊ ဖော်ဖော်ရွေရွေ၊ ပျော်စရာကြီး။ အသံကလည်း ကြည်ကြည်ချိုချို။"ကဲ.. ဒီနေ့တော့ မင်းတို့ကို ဆီသီးကျွေးမယ်။ ဆီးသီးစားကြမလားဟေ့""စားမယ်"တစ်အုပ်ကြီး အော်ပြီး ဖြေလိုက်သောအသံ။"ဆီးသီး စားချင်တဲ့သူ လက်ညှိုးထောင်"တစ်တန်းလုံး လက်ထောင်ကြပါသည်။ ဟိုချာတိတ်ကို သတိထားပြီး ကြည့်လိုက်တော့ သူများလို လက်မထောင်ပါ။ ကိုယ်ကို ရှေ့ခပ်ကိုင်းကိုင်း ညွှတ်ပြီး ပါးစပ်ဟောင်းလောင်းနှင့် ကိုဥာဏ်စိန်ကို မော့ကြည့်နေပါသည်။ 'ဆီးသီးတကယ်ကျွေးမှာလား' ဟု စဉ်းစားနေပုံပါသည်။ သူသာမဟုတ်ပါ။ ကျွန်တော်လည်း ကိုဥာဏ်စိန်ကို ဘာတွေအကြံအဖန် လုပ်ဦးမလဲဟု တွေးနေမိပါသည်။ ဘယ်လိုမှ မှန်းလို့မရရိုး အမှန်ပါကိုဥာဏ်စိန် အလုပ်စလုပ်ပါပြီ။သင်ပုန်းပေါ်တွင် လိမ္မော်သီးလောက် '၀'လုံးတစ်ခုကို ၀ိုင်းစက်နေအောင် ရေးလိုက်ပါသည်။ ထို '၀'လုံးပေါ်တွင် အညှာလေးတစ်ချက် တပ်လိုက်ပါသည်။"ကဲ.. ဟောဒီမှာ ဆီးသီးတစ်လုံး ဘယ်သူအရင်စားမလဲ"ကျွန်တော်အရင်စားမယ်၊ ကျွန်မစားမယ် ဟူသောအသံများ ညံသွားပါသည်။"ဟုတ်ပြီ.. မင်းကအငယ်ဆုံးမို့ မင်းကို အလျှင်ကြွေးမယ်။ ရော့.. စားစမ်း"ဟုပြောပြီး သင်ပုန်းပေါ်က ဆီးသီးရုပ်ကို လက်နှင့်ယူချင်ယောင်ဆောင်၍ ခပ်ငယ်ငယ် ကလေးတစ်ယောက်ကို လှမ်းပစ်ပေးလိုက်ပါသည်။ ထိုကလေးက ဆီးသီးကို ဖမ်းယူလေဟန်ဆောင်၍ ပါးစပ်ထဲထည့်လိုက်ဟန်ဆောင်ပြီး 'မြွမ် မြွမ်'နှင့် စားချင်ယောင်ဆောင်ပါသည်။ တစ်တန်းလုံး တ၀ါးဝါး ရယ်ကြပါသည်။"ကျွန်တော်လည်း စားဦးမယ်" "ကျွန်မကိုလည်း ပေးပါဦး" စသော အလုအယက် တောင်းဆိုသံများမှာ ဆူနေပါသည်။ ကိုဥာဏ်စိန်က ဆီးသီးတွေကို ရေးလိုက်၊ ပစ်ပေးလိုက်၊ တမြွမ်မြွမ်နှင့် စားလိုက်ကြနှင့် တကယ့်ပျော်စရာကြီးပါပဲ။"ချိုရဲ့လားဟေ့""ချိုတယ်ဆရာ""ကဲ.. ဟိုအကောင်လည်း အငိုတွေကုန်သွားပြီ။ မင်းလည်းတစ်လုံး စားလိုက်ဦး"ကိုဥာဏ်စိန်က ဆီးသီးတစ်လုံးကို ကောက်ရေးလိုက်ပြီး ဟိုချာတိတ်ကို လှမ်းပစ်ပေးယောင် ပြုလိုက်ပါသည်။ ချာတိတ်က ကြောင်တောင်တောင်ဖြစ်နေသေး၍ ဘာမှမလုပ်ပါ။"သူက မစားချင်သေးဘူးတဲ့။ မင်းက ယူစားလိုက်စမ်းကွာ" ဟု ဘေးကကလေးတစ်ယောက်ကို ပြောလိုက်တော့ ဟိုကလေးကလဲ အလွယ်တကူပင် ကောက်စားချင်ယောင်ဆောင်လိုက်ပါသည်။သင်ပုန်းပေါ်တွင်လည်း ဆီးသီးတွေ ပြည့်နေပါပြီ။ သင်ပုန်းကို ဖျက်လိုက်ပါသည်။ ဆီးသီးအသစ်တစ်လုံးကို ရေးလိုက်ပါသည်။ ၀ိုင်းဝိုင်းစက်စက် မဟုတ်ပါ။ ဘဲဥပုံလိုလို ရှည်မျောမျော ဖြစ်ပါသည်။"ဒီဆီးသီးက မ၀ိုင်းဘူး၊ အချဉ်မျိုးကွ၊ ရော့ စားကြည့်စမ်း၊ မချဉ်ဘူးလား"ကလေးတစ်ယောက်ကို လှမ်းပေးလိုက်တော့ စားချင်ယောင်ဆောင် ရှုံ့မဲ့ပြီးမှ.."ချဉ်တယ်ဆရာ" ဆိုတော့ အားလုံးက သဘောကျပြီး ရယ်ကြပါသည်။ဤသို့ ဆီးသီးပိန်ပိန်တွေ၊ ရှုံ့ရှုံ့တွေ၊ ရှည်ရှည်တွေရေးပြီး ပစ်ပေးလိုက်လျှင် ကလေးတွေက ချဉ်တယ်ဆရာဟု ပြောကြပါသည်။ ၀ိုင်းဝိုင်းစက်စက် ဆီးသီးကို ရေးပေးလိုက်လျှင် ချိုတယ်ဟု ပြောကြပါသည်။ကလေးတွေ ဆီးသီးစားတမ်း ကစားရသည်ကို ပျော်နေကြသည်မှာတော့ အမှန်ဖြစ်ပါသည်။ကျွန်တော်တို့နှစ်ယောက် ပြတိုက်ရှိရာဘက်ကို ထွက်လာကြတော့.."ဟိုချာတိတ် ဒီနေ့တော့ မငိုတော့ဘူးဗျ""သူ့အဘွားကို မမြင်လိုက်ရတော့လို့ပေါ့ဗျာ။ အိမ်ကလူကြီး တစ်ယောက်ယောက် ပါလာရင် ဒီလိုပဲ ငိုနေတက်ကြတယ်ဗျ။ လူကြီးတွေမပါရင် ခဏပါပဲ။ ကလေးတွေပဲဗျာ။ ခဏရှိတော့ သူတို့ကလေးချင်း ကစားကြ၊ သူများကစားတာကို ကြည့်ကြနဲ့ပဲ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပဲ။ ခက်နေတာက လူကြီးတွေဗျ။ အထူးသဖြင့် အဘွားတွေက အဆိုးဆုံးပဲ။ ယာဖျက်တော့ သခွား၊ မြေးဖျက်တော့ အဘွားဆိုသလိုပေါ့ဗျာ။ အဘွားကြီးတွေဆိုတော့ မြေးကိုဖျက်ဖို့ကလွဲလို့ တခြားအလုပ်လည်း မယ်မယ်ရရ မရှိတော့ဘူး မဟုတ်လား""ဆရာကို ဘာမှလာပြီးမလုပ်တာ၊ သြဇာမပေးတာ တော်သေးတာပေါ့ဗျာ""အမယ်.. အဲဒါမျိုးလဲ တစ်ခါတလေ ရှိသေးသဗျ။ သူတို့ကလေး၊ သူတို့မြေးကို ရှေ့တန်းဆရာနဲ့နီးနီး ထားချင်ကြတာတွေပေါ့။ ကလေးတွေမှာ အရပ်အမောင်းက တူတာမဟုတ်ဘူးဗျ။ ဒီတော့ ကျုပ်က အရပ်နိမ့်တဲ့ကလေးတွေကို ရှေ့က၊ နည်းနည်းမြင့်တာတွေကို နောက်က၊ အတန်းကိုကြည့်လိုက်ရင် ပတ္တလားစီထားသလို ဖြစ်နေစေချင်တယ်။ အဲဒါ သူတို့ကလေးတွေကို ရှေ့ထားပေးပါ ဘာညာနဲ့လာပြီး ပြောတက်ကြတယ်။ "ခင်ဗျားတို့ကလေးကိုလဲ သင်ပေးမှာပါ။ မတတ်မှာ မစိုးရိမ်ပါနဲ့" လို့ ပြောယူရတယ်။ သူငယ်တန်းမှာ လူကြီးတွေက အကဲအပါဆုံးပေါ့ဗျာ။ ဟိုဘက်အတန်းတွေ ရောက်တော့လဲ ဘာမှ ဂရုစိုက်မနေကြတော့ပြန်ဘူး။ ရယ်စရာလည်း အကောင်းသား။ ဒီတော့ သူငယ်တန်းဟာ မိဘနဲ့ ပြဿနာ အကြုံရဆုံးပေါ့ဗျာ။""သူတို့သားသမီးကို ရိုက်တာပြုတာနဲ့ ပတ်သက်လို့လည်း ပြဿနာ ကြုံကြရမယ်ထင်တယ်""တစ်ခါတစ်လေလည်း ကြုံရတာပေါ့ဗျာ။ နည်းတော့နည်းပါတယ်။ ဒီနေရာမှာတော့ ကိုင်တွယ်တဲ့ဆရာ ဆရာမအပေါ်မှာလည်း မူတည်တက်ပါတယ်။ တစ်နေ့ကပဲ ခင်ဗျားလူ ထွန်းရွှေကြီး သူ့သားကို ကျောင်းလာအပ်သွားပါပကော။ သူပြောသွားလိုက်ပုံကတော့ ကျုပ်မှာ ရယ်တောင် ရယ်နေရသေးတယ်။ 'သူငယ်ချင်းရေ' တဲ့။ 'ကဲ.. ငါ့သားကို မင်းဆီအပ်ခဲ့ပြီ။ လိမ္မာအောင်သာ ကြည့်တွယ်ပေတော့ကွာ။ မတော်တဆ သေသွားရင်တော့ အလွမ်းပြေကြည့်ရအောင် လွယ်အိတ်ကလေးကိုတော့ ပြန်ပို့လိုက်ပါကွာ' တဲ့လေ"ကျွန်တော်က ရယ်လိုက်မိပါသည်။မူလတန်း၊ အထူးသဖြင့် သူငယ်တန်းသင်ရသော ဆရာ၊ ဆရာမတို့၏ ဘ၀ကို ကျွန်တော် အလွန်စိတ်ဝင်စားနေမိပါသည်။နောက်တစ်နေ့ ကျွန်တော်ရောက်သွားသောအခါ သင်ခန်းစာ နောက်တစ်ဆင့် တက်သွားသည်ကို တွေ့ရပြန်ပါသည်။"ဒီနေ့တော့ မင်းတို့က ဆီးသီးရောင်းကြ။ ငါက ၀ယ်မယ်။ ဆီးသီးငါးလုံးကို တစ်မတ်ပေးမယ်။ ဒါပေမယ့် ဆီးသီးအချဉ်တွေကို မ၀ယ်ဘူး"၀လုံးကို ၀ိုင်းဝိုင်းရေးတက်အောင် လေ့ကျင့်နေပြီဖြစ်ကြောင်း ကျွန်တော် သဘောပေါက်လိုက်ပါပြီ။"နောက်ပြီး ဟောဒီလို ဟောဒီလို ရေးတဲ့ဆီးသီးကို မ၀ယ်ဘူး။ အဲဒီဆီးသီးမျိုးတွေက အပုတ်တွေ"သူက သင်ပုန်းပေါ်တွင် လက်ဝဲရစ် ရေးပြလိုက်ပါသည်။ ထိုမျှမကသေးပါ။ "ဒီလိုရေးရမယ်"ဟု ကလေးများကို ကျောခိုင်းပြီးလျှင် လက်ကို လက်ယာရစ်ပြီး အထပ်ထပ်ဝှေ့ပြပါသည်။"ဘယ်လို၊ ဘယ်လိုရေးမလဲ""ဒီလို ဒီလိုရေးမယ်"ကလေးတွေကလည်း သူတို့လက်ကို လက်ယာရစ် ဝှေ့ရမ်းပြီး အော်ကြပါသည်။"ဘယ်လိုရေးရင် ဆီးသီးအပုတ်လဲ""ဒီလို ဒီလိုရေးရင် ဆီးသီးအပုတ်"လက်တွေကို လက်ဝဲရစ် ဝှေ့ပြကြပါသည်။လက်ယာရစ်ရေးခြင်းကို အကြိမ်ကြိမ် ဝှေ့ရမ်းလေ့ကျင့်စေပြီးနောက် ဆီးသီးတွေ ရေးကြရန် ခိုင်းလိုက်ပါသည်။ ကလေးတွေကလည်း သူတို့ သင်ပုန်းလေးများတွင် အားကြိုးမာန်တက် ရေးနေကြပါသည်။ဝလုံးကို လက်ယာရစ်ရေးကြအောင် လေ့ကျင့်ပေးလိုက်သည် မှန်သော်လည်း တကယ်လက်တွေ့အားဖြင့် ရေးသည် မရေးသည်ကို ဆရာကိုဥာဏ်စိန် လိုက်ပြီးစစ်နေနိုင်သည် မဟုတ်သောကြောင့် ဘယ်လိုများ သိနိုင်ပါ့မလဲဟု ကျွန်တော့်စိတ်တွင် တွေးနေမိပါသည်။"ဟောဒီမှာဆရာ၊ သူက ဆီးသီးကို ဟောဒီလို ဟောဒီလိုကြီး ရေးနေတယ်။ သူ့ဆီးသီးက အပုတ်ကြီးဆရာ"ကလေးတစ်ယောက်က လက်ကို လက်ဝဲရစ်ဝှေ့ပြပြီး လှမ်းတိုင်လိုက်ပါသည်။ အတိုင်ခံရသော ကလေးက ချက်ချင်းဖျက်ပစ်ပြီး "ဒီလို ဒီလိုရေးတယ် ဆရာ"ဟု လက်ယာရစ်ဝှေ့ရမ်းပြီး ပြလိုက်ပါသည်။အင်း.. ဒီလိုဆိုတော့လည်း သူ့ဟာနဲ့သူ ပြဿနာရှင်းသွားသားပဲဟု အောက်မေ့လိုက်ပါသည်။ဆီးသီးငါးလုံးစီ ရေးပြီးတော့ တစ်ယောက်စီလာပြီး ပြကြပါသည်။ ကိုဥာဏ်စိန်က ဆီးသီးတွေကို ကြည့်ပြီး ဟိုအလုံးက ပိန်တယ်။ ဒီအလုံးက မ၀ိုင်းဘူး၊ နောက်ကို အဲလောက်ချဉ်ရင် မ၀ယ်ဘူး။ ဒီတစ်ခါတော့ ၀ယ်လိုက်မယ် စသည်ဖြင့်ပြောပြီး မြေဖြူနှင့် အမှန်ခြစ်ပေးလိုက်ပါသည်။ ကလေးတွေက ၀မ်းသာအားရ ပြန်သွားကြပါသည်။အငိုသန်သော ချာတိတ်ကလည်း ဆီးသီးငါးလုံးရေးပြီး ရောက်လာပါသည်။ ကိုဥာဏ်စိန်က သူ့သင်ပုန်းကို ယူကြည့်လိုက်ပြီး.."အံမယ်.. ဒီကောင်က လူကငိုပေမယ့် ဆီးသီးကတော့ အချိုသားကွ၊ ဘယ်ဆိုးလို့လဲကွ" ဟု ချီးမွမ်းပြီး အမှတ်ပေးလိုက်ပါသည်။ ဟိုချာတိတ် ၀မ်းမြောက်ဝမ်းသာ ပြန်ပြေးသွားပါသည်။ကလေးအားလုံးမှာလည်း သူ့ထက်ငါ အလုအယက် ဆီးသီးလာရောင်းနေကြပါသည်။ ဟိုချာတိတ်က မကြာခဏလာပြီးပြနေပြီ ဖြစ်သောကြောင့်..."အံမာ ဒီကောင့်ဆီးပင်က တယ်သီးလိုက်ပါလားဟ။ ချိုလည်း ချိုတယ်ဟေ့"ချာတိတ် ကျောင်းပျော်သွားပါလေပြီ။ကျွန်တော်လည်း ကိုဥာဏ်စိန်နှင့် တပည့်များ၏ ဆီးသီးရောင်းပွဲကြီးကို ကြည့်ရင်းပျော်နေမိပါသည်။သို့နှင့် ကျောင်းဆင်းခေါင်းလောင်း ထိုးလိုက်တော့ ကျောင်းသားတွေ ကိုယ့်လွယ်အိတ်၊ ပစ္စည်းစသည်တို့ကို ကိုယ်စီကိုယ်ငှ သိမ်းကြယူကြပါသည်။ သည်အခါတွင်မှ သတိထားကြည့်လိုက်တော့ ကျောင်းခန်းဘေး နံရံသစ်သားတန်းတွင် သံချွန်တွေရိုက်ထားပြီး ထီး၊ ဦးထုပ် စသည်တို့ကို စနစ်တကျ ချိတ်ထားကြရကြောင်းကို တွေ့လိုက်ပါသည်။ ထိုထိုသော ပစ္စည်းများကို သူတို့တွေ ယူကြပြီးနောက် အားလုံး မတ်တပ်ရပ်နေကြရပါသည်။"စာအုပ် ပါပြီလား" ကိုဥာဏ်စိန်က အော်မေးလိုက်ပါသည်။"ပါ ပါပြီ" ကလေးတွေကအော်ပြီး စာအုပ်ကို မြှောက်ပြရပါသည်။သူတို့ အတိုင်အဖောက် အော်ပုံမှာ ရိုးရိုးအသံမျိုး မဟုတ်ပါ။ သံချပ်တိုင်သလို ခပ်ဆင်ဆင်ပါ။"ပေတံ... ပါ.. ပြီလား""ပါ... ပါ.. ပြီ"
 ကျောင်းသားတို့တွင် ပါမြဲပစ္စည်းများကို တစ်ခုစီ အော်ပြီးမေးပါသည်။ အားလုံးမေးပြီးမှ အငယ်ဆုံးကလေးများတန်းမှစ၍ တစ်တန်းစီ တန်းစီပြီး ထွက်ရပါသည်။"ခင်ဗျားအလုပ်က ပြီးပဲ မပြီးနိုင်ဘူး။ တယ်ရှုပ်ကိုးဗျ""ဒီလိုပဲ ကိုယ့်လူရေ.. ခင်ဗျားတို့လို ကောလိပ်ကျောင်းသားကြီးတွေကို သင်ရတာမဟုတ်ဘူး။ ကလေးတွေဆိုတော့ ကျောင်းဆင်းပြီးရင် အိမ်ပြန်ချင်ဇောနဲ့ ဟိုဟာကျန်၊ ဒီဟာမေ့နဲ့၊ ဦးထုပ်ပျောက်၊ ထီးပျောက်ဖြစ်ရင် မိဘတွေက ဆရာ့ဆီကို လာတိုင်ကြတော့တာဗျ။ ဆရာအထိန်းအသိမ်း ညံ့ရာရောက်တာပေါ့ဗျာ"သူကပြောရင်းဆိုရင်း ခုံတွေအောက် ငုံ့ကြည့်ပြီး ဟိုဟာရှာသလို ဒီဟာရှာသလို လုပ်နေပြန်သောကြောင့်.."ဘာရှာနေတာလဲဗျ""ဘာတွေများ ကျန်ရစ်ခဲ့သေးလဲလို့ ရှာရတာ။ ခုနက ကျုပ်အော်တဲ့စာရင်းထဲမှာ မပါတဲ့ ဂျင်တို့၊ ဂေါ်လီတို့ ဘာတို့ ညာတို့ ဆိုတာတွေပေါ့ဗျာ။ ကျန်နေခဲ့ရင် သိမ်းထားပြီး ပြန်ပေးရတာပေါ့ဗျာ။ ကလေးတွေကိုးဗျ၊ အမိုက်ကလေးတွေ ဘာသိတက်ကြတာ မှတ်လို့""ခင်ဗျားအခန်းထဲက နံရံသစ်သားတန်းတွေမှာ သံချွန်လေးတွေ စီပြီးရိုက်ထားတာကို တွေ့တယ်""အေးဗျာ.. ထီးတွေ၊ ဦးထုပ်တွေ၊ လွယ်အိတ်တွေ စာရေးစားပွဲပေါ်မှာ ရှိနေရင် ရှုပ်လွန်းလို့""အဲလို သံချွန်ဖိုးတွေ ဘာတွေကျတော့ ကျောင်းက ထုတ်ပေးသလား""ဘယ်ပေးလိမ့်မလဲဗျာ""ခင်ဗျားက အိတ်စိုက်ပေါ့""မစိုက်ရပါဘူးဗျာ။ ကျောင်းသားမိဘတွေထဲက သံဆိုင်တွေ ရှိနေတာပဲ။ ကျောင်းခန်းထဲမှာ သုံးချင်လို့ဆိုပြီး နှိုက်လာခဲ့တာပါပဲ"ကျွန်တော်တို့ နှစ်ယောက်စလုံး ရယ်လိုက်မိကြပါသည်။"ဆီးသီးကတော့ ၀လုံးအတွက် လုပ်လိုက်တာပေါ့နော်""ဒါပေါ့ဗျာ၊ ဆီးသီးကမှ အညှာတပ်နေရသေးတယ်။ ၀လုံးဆိုတော့ ဘာမှ လုပ်ဖို့တောင် မလိုတော့ဘူးပေါ့။ ၀လုံးရေးကြရအောင်ဆိုရင် ကလေးတွေ ဘယ်မှာပျော်တော့မလဲ။ ဆီးသီးရောင်းကြရအောင်ဆိုတော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ လက်မလည်အောင် အမှတ်ပေးနေရတာပဲ မဟုတ်လား။ သူတို့လည်းပျော်၊ သူတို့ပျော်တော့ ကျုပ်လည်းပျော်တာပေါ့ဗျာ"သူက ပြောရင်းရယ်လိုက်ပါသည်။ထို့နောက် ဆယ်ရက်လောက်မှာ ၀လုံးတွေချည်း အရေးခိုင်းနေပါသည်။"ခင်ဗျား ၀လုံးသင်ခန်းစာကလည်း ကြာလှချည်လားဗျ။ ပြီးပဲ မပြီးနိုင်တော့ဘူး""မြန်မာအက္ခရာရေးတာမှာ ၀လုံးဟာ အခြေခံပဲဗျ။ ၀လုံးကို လက်မသေရင် လက်ရေးဘယ်တော့မှ မလှဘူး။ လက်ရေးလှဖို့ဟာ သူငယ်တန်းမှာ ကျင့်ရတာဗျ။ ပထမတန်း၊ ဒုတိယတန်း ရောက်သွားရင် လက်ရေးလှကျင့်ဖို့ အချိန်မရတော့ဘူး။ ကျုပ်အတန်းက တက်သွားတဲ့ကလေးတွေမှာ လက်ရေးမလှတာ တစ်ယောက်မှမရှိဘူး။ ကျောင်းသားတစ်ယောက် လက်ရေးမလှတာကိုတွေ့ရင် ခပ်ပျင်းပျင်း ခပ်ဖျင်းဖျင်း သူငယ်တန်းဆရာနဲ့ ကြုံခဲ့ရလို့သာ အောက်မေ့ပေရော့။ ကျုပ်က အဲဒီလို အထက်တန်းဆရာတွေက အထင်သေးတာ မခံချင်ဘူးဗျ"ကျွန်တော့်စိတ်ထဲတွင် လက်ရေးအလွန်ညံ့လှသော တက္ကသိုလ်ကျောင်းသားများကို သွားပြီး သတိရလိုက်မိပါသည်။ သူတို့လည်း ကံမကောင်း အကြောင်းမလှ၍ ကိုဥာဏ်စိန်ပြောသလို ခပ်ပျင်းပျင်း ခပ်ဖျင်းဖျင်း ဆရာ၊ ဆရာမမျိုးနှင့် သူငယ်တန်းတွင် ကြုံခဲ့ရလိမ့်မည်ဟု ထင်မိပါသည်။ ကျွန်တော်၏ငယ်ဆရာ ဦးစံရွှေကြောင့် ကျွန်တော့လက်ရေး အတန်အသင့်ကောင်းခဲ့သည်ကို တွေး၍ ကွယ်လွန်သူ ဆရာကို သတိရကျေးဇူးတင်လိုက်မိပါသည်။ကိုဥာဏ်စိန်က ဆက်၍..."အဲဒီထက်ပိုပြီး ဂရုစိုက်ရတာက အဆွဲအငင်ဗျ။ အဲဒါတွေကျရင်တော့ ပိုပြီးဂရုစိုက်ရတယ်။ ရရစ်ကို အပေါ်ကဆွဲတာတွေ၊ သဝေထိုးကို အပေါ်ကဆွဲတာတွေ၊ အို၊ကို၊မို တို့လို စာလုံးပေါင်းတွေမှာ လုံးကြီးတင်ကို အရင်စပြီးရေးကြတာမျိုးတွေလို အမှားတွေပေါ့ဗျာ။ သေချာ ဖြည်းဖြည်းဆေးဆးရေးရင်တော့ မသိသာလှဘူးပေါ့။ လက်ရေးကိုသော့ပြီး မြန်မြန်ရေးလိုက်ပြီဆိုရင် အဆွဲအငင် စနစ်မကျတဲ့လက်ရေးဟာ အလွန်ဖတ်ရတာ ခက်သွားတယ်ဗျ"ကလေးငယ်၏ တစ်သက်တာအတွက်ကို အခြေခံ ပန္နက်ရိုက်လိုက်ရသော သူငယ်တန်းဆရာ၏ ဘ၀နှင့်တာဝန်ကို အလွန်ရိုသေမိလာသည်။ အချို့သောတိုင်းပြည်များတွင် သူငယ်တန်းသင်သောဆရာကို သီးသန့်အရည်အချင်း ရှိစေလျှက် လစာမြင့်မြင့်ပေးထားကြသည် ဟူသောအချက်ကို သဘောပေါက်လာမိပါသည်။ကျွန်တော့်မိတ်ဆွေ ဆံပင်ညှပ်ဆရာ ကိုသိန်းမောင်ကြီး ပြောဖူးသော စကားကိုလည်း သွားပြီး သတိရလိုက်မိပါသေးသည်။"ကလေးခေါင်းဆိုတော့ ငယ်တာကြောင့် ဆံပင်ညှပ်ခကို တစ်ဝက်ပေးရတာတောင် များသေးတယ်လို့ ထင်တက်ကြသေးတယ်ဗျ။ ဓါးပြတ်သွားမှာ ကြောက်ရတာတစ်မျိုး၊ ငိုတာကတစ်မျိုး၊ ရုန်းတာကတစ်မျိုး"အင်း.. ကိုဥာဏ်စိန်တို့ ကိုသိန်းမောင်ကြီးတို့ လုပ်ငန်းက ခပ်ဆင်ဆင်ပါပဲလားဟု အောက်မေ့မိသည်။ဤသို့လျှင် ၀လုံးသင်ခန်းစာပြီးတော့ နောက်တစ်ဆင့် တက်လိုက်ပြန်ပါသည်။သင်ပုန်းပေါ်တွင် က၊ခ၊ဂ၊ဃ၊င ဟူသော အက္ခရာငါးလုံးကို ရေးလိုက်ပါသည်။ ပြီးမှ တစ်တန်းလုံးကို မတ်တပ်ရပ်ခိုင်းလိုက်ပါသည်။"မင်းနာမည် ဘယ်သူလဲ""မောင်ကျော်မြင့်ပါ ခင်ဗျ"လက်ပိုက်ပြီး ဖြေပါသည်။"မင်းနာမည်ကကော""မောင်ထွန်းစိန်ပါ ခင်ဗျ""ညည်းနာမည် ဘယ်သူလဲ""ကြော့ယဉ်ဝင်းပါရှင့်""အံမယ်.. တယ်ကောင်းတဲ့နာမည်ပါလား။ ကဲ..ကဲ.. ညည်းနာမည်ကကော""တည်ကြည်ဝင်းပါရှင့်""ဟဲ့.. ငါ့တပည့်တွေ နာမည်တွေက ကောင်းလှချည်လား။ ညည်းနာမည်ကကော""နီနီအေးပါရှင့်"ဤသို့လျှင် ကျောင်းသားအတော်များများကို နာမည်လျှောက်ပြီး မေးပါသည်။ ပြီးမှ..."ကဲ.. ကြည့်စမ်း မင်းတို့အားလုံးမှာ နာမည်တွေ ရှိကြတယ်။ နာမည်မရှိတဲ့လူမှား ရှိသလားဟေ့""မရှိပါဘူးခင်ဗျ""အေး.. မင်းတို့အားလုံးမှာ နာမည်ရှိကြသလို သူတို့မှာလည်း နာမည်ရှိတယ်"သင်ပုန်းပေါ်ရှိ ကကြီး ခခွေး အက္ခရာများဆီကို လက်ညှိုးထိုးပြီး ပြောလိုက်ပါသည်။"ညည်းနာမည်က ဘယ်သူလဲ""ဖြူနှင်းဝေပါ ဆရာ""အေး.. သူ့နာမည်က ကကြီးတဲ့ မှတ်ထား။ ကြားလား ဘယ်သူလဲ""ကကြီးပါ ဆရာ""ညည်းနာမည်က ဘယ်သူလဲ""သန္တာပြုံးပါ ဆရာ""အေး.. သူ့နာမည်က ခခွေးတဲ့ မှတ်ထား၊ ကြားလား"ဤသို့အားဖြင့် ကကြီး၊ ခခွေးများကို မိတ်ဆက် သင်ကြားပေးသွားပါသည်။ မကြာမီမှာပင် သူတို့အားလုံး အက္ခရာများကို မှတ်မိသွားကြသည်ကို တွေ့ရပါသည်။ကျွန်တော်တို့ တက္ကသိုလ်ဆရာများအဖို့ မိမိသက်ဆိုင်ရာ ဘာသာရပ်များတွင် တိုးတက်မြင့်မားအောင် ရှာဖွေ ဖတ်ရှုကြရပါသည်။ ကြံစည်စဉ်းစားကြသည်မှာ မှန်ပါသည်။ သို့သော် တပည့်များအား ဘယ်ပုံဘယ်နည်း သင်ကြားပို့ချရမည် ဆိုသည့် ကိစ္စအတွက်ကိုတော့ မူလတန်း၊ သူငယ်တန်း သင်ကြားသူ ဆရာ၊ ဆရာမများလောက် ကြံစည်အားထုတ်ရသည်ဟု မထင်မိပါ။တက္ကသိုလ်ကျောင်းများ ပြန်ဖွင့်ပြီဖြစ်သောကြောင့် ကျွန်တော် ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။ နောက်တစ်ကြိမ် သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် တောင်တွင်းကြီးသို့ ပြန်ရောက်သွားပါသည်။ ယခင်ကအတိုင်း ကိုဥာဏ်စိန်၏ သူငယ်တန်းသို့လည်း ရောက်သွားပြန်ပါသည်။ကလေးတွေက စာတွေအတော်လေး ဖတ်နိုင်နေကြပါပြီ။ ကျောင်းဆင်းခါနီးရောက်တော့ ကလေးတွေ သံပေါက်ကဗျာ ရွတ်ကြပါသည်။ ထိုသံပေါက်တွေကို အကုန်လုံး ကျွန်တော်မမှတ်မိတော့ပါ။ ဆိုလိုရင်း အဓိပ္ပါယ်အချို့ကိုတော့ သတိရနေပါသေးသည်။ အိပ်ရာဝင် ခြေဆေးရမည်၊ ဘုရားကန်တော့၊ မိဘကန်တော့ ဆိုတာတွေလည်း ပါ,ပါသည်။ ထိုထိုသော လိမ္မာရေးခြားရှိစေမည့် ကိစ္စများအပြင် (ကျွန်တော်မှတ်မိသလောက်) "အလှူပေးကြောင်း၊ ထမင်းရောင်း၊ တောင်းကြီးကိုသာ ကန်ပစ်ပါ" ဆိုတာလည်း ပါနေပါသည်။ စကားလုံးကတော့ တိတိကျကျ မှန်ချင်မှ မှန်ပါမည်။ ကလေးများမှာ သံပေါက်ကို ဆိုကြရာတွင် ပါးစပ်က ဆိုရုံသာမဟုတ်။ ကိုယ်ဟန်အမူအရာလည်း လုပ်ပြီးဆိုကြရပါသည်။ ထိုသံပေါက်ကို ဆိုကြရာတွင် "တောင်းကြီးကိုသာ ကန်ပစ်ပါ" ဆိုရာ၌ ခြေထောက်နှင့် အားရပါးရ သိမ်းကျုံးပြီးကန်လိုက်သည့် အမူအရာကိုလည်း လုပ်ကြရပါသည်။ကျွန်တော်က ဘာကိုဆိုလိုကြောင်း ရုတ်တရက်နားမလည်နိုင်ပါ။ ထို့ကြောင့် ကျောင်းဆင်းပြီး နှစ်ယောက်သား ပြတိုက်ဘက် ထွက်လာကြတော့..."နေပါဦး ကိုဥာဏ်စိန်ရ.. ဟို တောင်းကြီးကိုသာ ကန်ပစ်ပါ ဆိုတာက ဘာလုပ်တာလဲဗျ။ ကျုပ်ဖြင့် ဘာမှန်းကို မသိလိုက်ဘူး"ကိုဥာဏ်စိန်က ရယ်လိုက်ပြီး ..."သက်သက် အမြင်ကတ်လွန်းလို့ဗျာ။ ဒီလိုဗျာ ကျွန်တော်တို့ဆီမှာ တစ်ချို့လူတွေက အလှူလုပ်ရင် လုပ်ပေါ့ဗျာ။ ဘာလို့ အလှူငွေခံချင်ရတာလဲ။ သားသမီးကို မရှိမဲ့ ရှိမဲ့ ရှင်ပြုရတာဆိုရင်တော့ အများက သနားသဖြင့် ၀ိုင်းဝန်းကြတာ ရှိရင်တော့ ရှိမှာပေါ့။ ခုတော့ အလှူကြီးကို ဧရာမခမ်းခမ်းနားနားလုပ်ပြီး အကူငွေခံတာဟာ ထမင်းရောင်းတာနဲ့ ဘာထူးလဲ။ အဲဒါတွေကို အမြင်ကတ်လွန်းလို့ ထည့်ပြီးရေးလိုက်တာပဲ။ ခင်ဗျားတို့လို ကဗျာနားလည်တဲ့လူတော့ မဟုတ်ဘူး။ ကျုပ်ကတော့ ကြားဖူးနားဝ ကိုယ်ရွတ်ခဲ့ဖူးတာတွေနဲ့ မှန်းပြီးစပ်လိုက်တာပဲ။ မှန်လား မမှန်လားမသိဘူး။ ခြေထောက်နဲ့ကန်တာကို ထည့်ပြီးရေးလိုက်တာကတော့ ကလေးဆိုတာ အားရပါးရ လှုပ်ရှားပြီး ရွတ်ရဆိုရရင် ပိုကြိုက်တယ်ဗျ။ ဒါကြောင့် ကျုပ်က စွတ်ပြီးထည့်လိုက်တာပဲ"ကိုဥာဏ်စိန်က ပြောပြီး အားရပါးရ ရယ်နေပါသည်။"နေပါဦးဗျာ၊ ခင်ဗျားက အဲဒါတွေကိုရေးတော့ ကလေးတွေက ဘာနားလည်မှာလဲဗျ""အေးလေဗျာ.. ကျုပ်ကလည်း ကလေးတွေကို နားလည်စေချင်လို့မှ မဟုတ်ပဲ။ လောဘကြီးသူတွေကို အမြင်ကတ်လို့ ရေးတာပဲ""ခင်ဗျားပြောတာတွေကို ကျုပ်မရှင်းဘူး။ လောဘကြီးသူတွေကို အမြင်ကတ်တာနဲ့ ကလေးတွေကို နားမလည်ပါးမလည် ဘာကြောင့်သင်ပေးနေတာလဲ။ ဒါကိုပြောတာပါ။ ကလေးတွေကြီးလာရင် ဒါမျိုး မလုပ်ရအောင် ဆိုလိုတာလား""ကလေးတွေကြီးလာတာက နောက်ပိုင်းပေါ့ဗျာ။ လောဘကြီးသူတွေကို အမြင်ကတ်တာကတော့ လောလောဆယ်ဆယ်ပဲဗျ။ ဒီလို ကိုအောင်သင်းရေ.. ကလေးဆိုတာမျိုးက သူတို့ရနေတဲ့ စာတို့၊ ကဗျာတို့ကို အလကားနေရင်း အော်ဟစ်နေတက်တာ။ ကလေးတွေဆိုတာကို ခဏခဏကြားနေရင် လောဘကြီးသူတွေလည်း ဒါမျိုးလုပ်ရမှာ နည်းနည်းတော့ ရှက်လာကြမှာပေါ့ဗျာ။ အဲ.. အရှက်ဆိုလို့ တစ်စက်မှမရှိတဲ့ လောဘကြီးသူတွေအတွက်တော့လည်း မတက်နိုင်တော့ဘူးပေါ့ဗျာ"ကိုဥာဏ်စိန်က ပြောနေရင်းပင် အားရပါးရ ရယ်လိုက်ပြန်ပါသည်။ကလေးတွေကို စာသင်နေရင်း လောဘကြီးသူတွေကို ဆုံးမသွန်သင်နေသော သူငယ်တန်းဆရာ ကိုဥာဏ်စိန်ကို တအံ့တသြ ကြည့်နေမိပါသည်။ ကျွန်တော်တို့လို ဘ၀င်ကြီးတစ်ခွဲသားနှင့် ထင်တစ်လုံးလုပ်နေကြသော တက္ကသိုလ်ဆရာတို့သည် ကိုဥာဏ်စိန်တို့လို သူငယ်တန်းဆရာလောက်မှ ပြည်သူအများကို အကျိုးပြုနိုင်ပါ၏လောဟု သံသယဖြစ်လာပါသည်။စာဖတ်သူ စဉ်းစားကြည့်စေချင်ပါသည်။ တက္ကသိုလ်ကျောင်းသားနှင့် သူငယ်တန်းကျောင်းသား ဘယ်သူက ပိုပြီးများသလဲ။ တက္ကသိုလ်ကျောင်းသားဆိုသည်က လက်တစ်ဆုပ်စာမျှလောက်သာဟု ပြောရပါမည်။ သူငယ်တန်းဆိုသည်က ဟို.. တောကြိုအုံကြားလေးတွေထိအောင် ရှိနေကြသည် မဟုတ်ပါလား။နောက်ပြီး သူငယ်တန်းဆရာတွေရဲ့ အသွန်အသင် အဆုံးအမကို လွန်ပြီးမှ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသို့ ရောက်လာရသည် မဟုတ်ပါလား။နောက်ပြီး စာဖတ်သူကိုယ်တိုင် စဉ်းစားကြည့်ပါ။ ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်မြေး၏ ပညာရေးကို စိတ်အ၀င်စားဆုံးမှာ (ကိုဥာဏ်စိန်ပြောသလို) သူငယ်တန်းပဲ မဟုတ်လား။နောက်ပြီး တက္ကသိုလ်ရောက်သော ကျောင်းသားက ဘယ်လောက်ထိအောင် များပြားပါသလဲ။ မူလတန်းကျောင်းသား ဆိုသည်ကတော့ တစ်ပြည်လုံးလောက်ပါပဲ။ တစ်ပြည်လုံးကို ပုံသွင်းနေသော သူငယ်တန်းဆရာများ၏ အရေးပါပုံကို အရေးပါပုံကို တစိမ့်စိမ့် ကျေးဇူးတင် ကြည်ညိုနေမိပါသည်။သြော်.. ကျွန်တော့်မှာ မြေးမလေးတစ်ယောက် ရလာပြန်တော့ ပိုလို့ပဲ ကိုဥာဏ်စိန်တို့လို သူငယ်တန်းပြဆရာ၊ ဆရာမများ၏ ကျေးဇူးကို သဘောပေါက် မျှော်လင့်မိလာရပြန်ပါသည်။တစ်ခုတော့ရှိပါသည်။ "ယာဖျက်တော့သူခိုး၊ မြေးဖျက်တော့အဘိုး" ဟူသော စကားပုံအသစ် ပေါ်မလာလေအောင်၊ ဟို.. ဒေါ်အေးသာဆိုသော အဘွားကြီးလို ဆရာ၊ ဆရာမလေးတွေ စိတ်မညစ်စေရန် သတိထားလေဦးမှပဲ။

မှတ်ချက်။ ။ ငါန်းဇွန် အ.ထ.က ငွေရတုစာစောင်တွင် ဤအကြောင်းအရာကို အတိုချုပ် ရေးခဲ့ဖူးပါသည်။ ကိုဥာဏ်စိန်လည်း အငြိမ်းစားယူပြီး 'ကံ့ကူလက်လှည့်' ဟူသောအမည်နှင့် သူငယ်တန်းကျောင်းဖွင့်ပြီး ဆီးသီးရောင်းနေသည်ဟု သိရပါကြောင်း။

ပြီးပါပြီ။ 

Sunday, June 10, 2012

ဆုမွန်ကောင်း

(ပြောချင်တာတွေပြောလိုက်ရရင် ရင်ထဲနေလို့ကောင်းလား။
လှိုင်းကထန်ထန် လေကသန်သန်......နေစရာရှိလို့လား။
အလိုက်သင့်စီးမျောမတတ်မှုကရေမျောကမ်းတင်........)

ကီးဘုတ်ပေါ်လက်တင် Firefox ကိုဖွင့်၊ငါတို့ရဲရင့်ခဲ့ကြတယ်။
အားမလိုအားမရခြင်းတွေထွေးအံ၊အဆီပြန်တဲ့မျက်နှာတွေနဲ့
ငါတို့ မနက်စာငတ်သွားကြတယ်လေ။

Computer Screen ထက်ကတိုက်ပွဲ၊ကြောက်သူ လွဲ...ရဲ မင်းဖြစ်။
လေကျည်ဆံတွေနဲ့ပစ်တာ ၁၀ သန်းလဲသေနိုင်ရဲ့။
တိုက်တွန်းမှုတွေ၊အားပေးမှုတွေ၊ထောက်ခံမှုတွေကလဲ......ခဏခဏ။

မျိုးချစ်စိတ် ကို Left Click မှာထား၊Facebook မှာ Like တွေကများလာ။
Keyboard ကိုဗြောင်းဆန်အောင်ခေါက်၊ Comments တွေရေးခဲ့မိကြတယ်။
အမြင်မတူရင်ဆဲ၊အမြင်တူရင်တွဲ ပျော်ပျော်ကြီးပဲချီတက်ခဲ့ကြပေါ့။

Online သွေးစည်းမှုကငါတို့ကိုယ်ကိုယ်ပြန်ကျေနပ်စေခဲ့မိတာပေါ့။

တကယ့်လက်တွေ့၊မင်းလဲဘာမှမလုပ်နိုင်၊ငါလဲဘာမှမလုပ်နိုင်။
မဖြစ်စလောက်ပဲကူညီပေးနိုင်ကြ၊ငါတို့ကိုယ်စီကိုယ်ငှ ဘောင်ခတ်ထားကြတယ်လေ။
ဒါကိုပဲအားရတယ်ဆိုရင် ငါတော့လူလုပ်ချင်စိတ်ပျောက်နေမိတယ်။

ငါလုပ်နိုင်တာငါလုပ်၊မင်းလုပ်နိုင်တာမင်းလုပ် ငါတို့တာဝန်ကျေတယ်ထင်ရင်ပြီးတာပါပဲ။

ကိုယ့်မြေကိုယ့်ရေသာစေကြာင်း၊ကိုယ့်လူမျိုးမာစေကြောင်းသာစေကြာင်းသာဆုတောင်းရင်း.......
ငါ့မျက်ရည်ပါးနှစ်ဖက်ပေါ်မကျခင် မျက်တောင်ကိုပုတ်ခတ်လိုက်မိတယ်လေ.........။






Saturday, June 9, 2012

ခွေးရှင်တို့ ခွေးဝင်လျှင် ရိုက်ခွင့်ပြုကြပါ

ခွေးရှင်တို့ ခွေးဝင်လျှင် ရိုက်ခွင့်ပြုကြပါ
(မဟာဗောဓိမြိုင်ဆရာတော်)

ပြည်ကြီးကသာ ဘယာကကင်း
ရိုးဖြောင့်စင်းကြောင့်
ချင်းချင်းလေးစား အရေးထားလျက်
တံခါးမပိတ် ဓားမချိတ် အိမ်သားအားလုံးအိပ်ကြသည်။

လူချင်းမှာသာ ယုံရပါလည်း
ရွာမှာပင်မွေး ရွာဝင်ခွေးက
မွေးရုံသာမွေး မပေးကြွေး
ခပ်အေးအေးသာလွတ်ထားရွေ့
ကျွေးကားကျွေး၏ ၀မ်းပြည့်မရ ၀မ်းမဝ
မလှပိန်ချည့်ရှိနေရွေ့။

ထိုသည့်အခြေ ထိုအနေကြောင့်
လူခြေတိတ်ဆိတ် လူတို့အိပ်လျှင် တိတ်တိတ်ဝင်
ခိုးငင်စားရမြဲ။
ခိုးသားမကျ ပါးမ၀ကြောင့်
ဖွဖွအခင်း နင်းတချွတ်ချွတ် မြည်သံလွှတ်မို့
နားမွှတ်ကင်းပါး ထင်းထင်းကြားသည့်
အိမ်သားအားလုံး ပျားပိတုံးလျှင်
အုန်းအုန်းကျွတ်ကျွတ် တုတ်ဓားခွက်ဖြင့်
လက်ရောက်သူ့ခွေး မိုက်ညစ်ထွေးကို
ဒဏ်ပေးသောငြား ရိုက်ပုတ်ညား
ခါးဝယ် ဒဏ်ရာရစေပြီ။

နံနက်ရှု့ခင်း လင်းမလင်းသေး
ခွေးခင်းပိုင်ရှင် နောက်အိမ်စဉ်က
လျင်လျင်ခေါက်ခေါက် တို့အိမ်ပေါက်ဝယ်
တောက်လျှောက်လာသွား မှုစကား
အော်လား ဟစ်လား ပြောတော့သည်။

အရေးပေါ်ဆေး ခွေးလျော်ကြေး
ဟစ်အော်ကြွေးရွေ့ တောင်းတော့သည်။

ခွေးအခွင့်ရေး ပေးလျှင်ပေး
မပေးတရားစွဲတော့မည်
ကိုယ့်အိမ်ဝင်ကျယ် ခွေးမဖွယ် တုတ်ပင်မရွယ်ရဲ
ကိုယ့်အိမ်ဝင်ခိုး ထိုခွေးဆိုး တုတ်ပင်မမိုးရဲ
ကိုယ့်အိမ်ဝင်အောင်း ခွေးသယောင်း မောင်းပင်မမောင်းရဲ။

Tuesday, October 11, 2011

တီးတိုးရေရွတ်ခဲ့တာပဲလေ။

အချိန်တန်လို့အိမ်ပြန်တော့မယ်။ ရင်းတွင်းနာတာအသာသိမ်းဆည်း ချစ်ခင်သူတို့နဲ့ခွဲကြတာပေါ့။
တော်ရာအရပ်ကမခွာခင် ကျန်နေတဲ့သံယောဇဉ်တွေကသိပ်ကြီးတယ်။
အနွံအတာခံခဲ့ကြတဲ့ ဘဝတူမိဝေးဖဝေးသူငယ်ချင်းရောင်းရင်းတွေနဲ့ခွဲ......
ပျော်ရာအရပ်သို့ ချီတက်တော့မယ်လေ။တစ်ယောက်ထဲပါပဲ။
ခဏတွေ့ကြတဲ့ဘဝတစ်ကွေ့မှာ မမေ့နိုင်စရာဖြစ်ရပ်တွေကတစ်ပုံကြီး။
ငါတို့ပျော်ရွှင်ခဲ့ကြတယ်။ငါတို့ဝမ်းနည်းခဲ့ကြတယ်။
ငါတို့နာကျည်းမုန်းတီးခဲ့ကြတယ်။ငါတို့ပြောစရာစကားတွေကြိတ်မှိတ်မျိုချခဲ့ကြတယ်။
နားရွက်တွေနီလာပေမဲ့ တစ်ခါတစ်လေသက်ပြင်းနဲ့အတူမှုတ်ထုတ်ပစ်ခဲ့ကြတယ်နော်။
မထင်မှတ်ထားတွေဖြစ်လာခဲ့တော့လဲ တူတူခံစားခဲ့ကြတာပဲလေ။
ပစ်စလခတ်ကံကြမ္မာတွေကို ပြုံးပြီးတော့ရင်ဆိုင်နိုင်ခဲ့ကြတာပဲလေ။
မင်းတို့မှာလက်တွဲဖော်တွေရှိနေသေးတာပဲ။ ဘာပဲဖြစ်ဖြစ်လေ.....လမ်းဆက်လျှောက်ကြတာပေါ့။
ဒါပေမဲ့ ရင်ဘတ်တစ်ခုကတော့ဗလာဟင်းလင်းနဲ့ လေထဲပျံဝဲခါနီးနေပြီ။
ဘာပဲပြောပြောပါ......မသေသေးသရွေ့ကတော့ပြန်တွေ့ကြမှာပါ။

စတင်ခြင်း

ဒီနေ့ (၁၂.၁၀.၁၁)မှာ Blogger စလုပ်ပါပြီ။ Blog ရေးဖို့အကြိမ်ကြိမ်တိုက်တွန်းနေခဲ့တဲ့ Blogger ညီလေးဂျူးစံ
http://juusanblog.blogspot.com/ ကိုကျေးဇူးတင်ပါတယ်။